တောင်သူဦးကြီးများအတွက် 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 နှင့် 𝐂𝐄𝐒𝐕𝐈 တို့ ပူးပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေးသင်တန်း

၂၀၂၅ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် မြေဆီလွှာများထိခိုက်မှုများရှိခဲ့သည့် ဒေသများမှ တောင်သူဦးကြီး(၁၃၀)ခန့်အတွက် ရည်ရွယ်ပြီး 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နှင့် 𝐂𝐄𝐒𝐕𝐈 (𝐈𝐍𝐆𝐎) တို့ ပူးပေါင်းဆောင်ရွက်ကာ “ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး” သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ မန္တလေးမြို့၊ အမရာနဒီဟိုတယ်နှင့် (၂၂)ရက်နေ့မှ ( ၂၃)ရက်နေ့အထိ ကျောက်ဆည်မြို့၊ ကျောက်ဆည်ဟိုတယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသင်တန်းတွင် 𝐂𝐄𝐒𝐕𝐈အဖွဲ့အစည်းမှ စိုက်ပျိုးရေးပညာရှင်များဖြစ်သော ဆရာဦးမျိုးကျော်လှိုင်နှင့် ဆရာမ ဒေါက်တာဖြိုးလပြည့်ဝန်းတို့မှ တောင်သူများအား ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်ရည်ရှိစေရန်နှင့် သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်အတွက် နည်းလမ်းများကို အဓိကထား ဆွေးနွေးပို့ချပေးခဲ့ပါသည်။

အဓိကအားဖြင့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးနည်းစနစ်များ၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ မြေဆီလွှာကျန်းမာရေးထိန်းသိမ်းခြင်း၊ သီးနှံစိုက်ပျိုးနည်းစနစ်များ (စပါး၊ ကုလားပဲ၊ ကြက်သွန်၊ ဥယျာဉ်ခြံသီးနှံများ)၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ စသဖြင့် မျှဝေသင်ကြားပေးခဲ့ပါသည်။

တောင်သူများအနေနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေးအစီအမံများကို လိုက်လျောညီထွေရှိစွာ လက်တွေ့အသုံးချနိုင်ရန်နှင့် စိုက်ပျိုးရေးအတွက် ဓါတ်မြေဩဇာသုံးစွဲမှုများကို လျှော့ချပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော နည်းလမ်းများဖြင့် စိုက်ပျိုးစရိတ်သက်သာစေပြီး မိသားစုဝင်ငွေတိုးစေရန် ရည်ရွယ်ပါသည်။

သင်တန်းတွင် စာရင်းမှတ်တမ်းယူခြင်း၊ မေးမြန်းဆွေးနွေးကြခြင်း၊ သင်တန်းအပြီး ဆန်းစစ်မေးခွန်းဖြေဆိုခြင်း၊ တက်ရောက်လာသူများအတွက် အကျွေးအမွေးအစီအစဉ်များလည်း ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် တက်ကြွစွာ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၊ အလိုင်းရင့်စ်မှ တာဝန်ရှိသူများနှင့် အားတက်သရောပါဝင်ခဲ့ကြသော အသင်းဝင်တောင်သူများကိုလဲ ကျေးဇူးအထူးတင်ရှိပါသည်။

အခက်အခဲများစွာကို ကျော်ဖြတ်နေရသည့် အသင်းဝင်တောင်သူဦးကြီးများရဲ့ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်တိုးတက်အောင်မြင်လာစေရန် အလိုင်းရင့်စ်မှ အမြဲတစေ ကူညီပံ့ပိုးဆောင်ရွက်ပေးနေမည် ဖြစ်ပါသည်။ တောင်သူဦးကြီးတို့ရဲ့ အောင်မြင်မှုဟာ အလိုင်းရင့်စ်ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပြီး ယခုသင်တန်းမှ ရရှိလာမယ့် နည်းပညာများကို မိမိတို့စိုက်ခင်းများမှာ လက်တွေ့အသုံးချခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။